Wednesday, July 5, 2017

ဥပုသ်သီလခံယူဆောက်တည်ရာတွင် သိသင့်သိထိုက်သည့်အရာများ


.
═════════════════════
ဥပုသ်သီလခံယူဆောက်တည်ရာတွင်
သိသင့်သိထိုက်သည့်အရာများ
═════════════════════
.
(မေး)
.
ဥပုသ်စောင့်လိုသူများသည် ရဟန်းတပါးပါးထံမှဖြစ်စေ၊ ရုပ်ပွားတော် စေတီတော်များ
ရှေ့၌ဖြစ်စေ ခံယူဆောက်တည်နိုင်ကြောင်း သိရပါသည်။
သို့တည်းမဟုတ် မည်သူ့ထံမှ မဆောက်တည်ဘဲ ငါးပါးသီလ ရှစ်ပါးသီလ တို့ကို
စိတ်ဖြင့် စောင့်စည်းနေထိုင် ကျင့်ကြံလျှင် ဖြစ်နိုင် မဖြစ်နိုင်။
.
( ဖြေ )
.
ငါးပါး ရှစ်ပါး သီလတို့ကို မိမိဘာသာ စောင့်ရှောက် ဆောက်တည်နိုင်သော်လည်း
နှုတ်မြွက်ဆို၍ကား ဆောက်တည်ရပါမည်။
နှုတ်မမြွက်ဘဲ စိတ်ထဲက ဆောက်တည် စောင့်စည်း နေထိုင်ရုံဖြင့် မရပါ။
.
အနည်းဆုံး-တပည့်တော်သည် ငါးပါးသီလကို ဆောက်တည်ပါ၏ ဘုရား။
ရှစ်ပါးသီလကို ဆောက်တည်ပါ၏ ဘုရား-စသည်ဖြင့်
မြန်မာဘာသာဖြင့် နှုတ်မြွက် ပြောဆို၍ ဆောက်တည်ရပါမည်။
.
.
 ဥပုသ်ထွက်ခြင်း 
.
(မေး)
.
ဥပုသ်နေ့တွင် ဥပုသ်ဆောက်တည်ပြီး နောက်နေ့တွင် ဘုရားရှေ့တွင်
ဥပုသ်ထွက်ကြောင်း ခွင့်ပန်ဖို့ လိုအပ်ပါသလား။
ခွင့်မပန် ဥပုသ်မချဘဲ အစားအစာများစားလျှင် အပြစ်ဖြစ်ပါသလား။
.
( ဖြေ )
.
ဥပုသ်သီလမှာ ရိုးရိုးခံယူဆောက်တည်လျှင် ဥပုသ်နေ့ကုန်ဆုံး၍ နောက်တနေ့
အရုဏ်တက်ချိန်တွင် အလိုအလျှောက် ခံယူချက် ပျက်ပြယ်သွားပါသည်။
ဥပုသ်ထွက်ကြောင်း ခွင့်ပန်ခြင်း၊ ငါးပါးသီလ စသည် ခံယူ၍ ဥပုသ်ချခြင်း
စသည် ပြုဖွယ်မလိုပါ။
.
အဓိဋ္ဌာန်ဖြင့် ၇-ရက် ဥပုသ်ဆောက်တည်မည်၊ ၉-ရက် ၄၅-ရက် စသည်
ဆောက်တည်မည်ဟု ဆို၍ ခံယူဆောက်တည်လျှင်လည်းအစတနေ့
ခံယူဆောက်တည်ပြီး နောက်နေ့များတွင် ထပ်ပြီး ခံယူဆောက်တည်ရန် မလို၊
အဓိဋ္ဌာန်ရက် ကုန်ဆုံးမှ အလိုလို ပျက်ပြယ်သွားပါသည်။
.
.
 နေလွဲညစာ စားမှုကိစ္စ 
.
(မေး)
.
ဗုဒ္ဓဘာသာဝင်များ ဥပုသ်သီလ စောင့်ထိန်းရာတွင် နေလွဲညစာ စားမှုမှ
ရှောင်ကြဉ်ရခြင်း၏ ရည်ရွယ်ချက် အနှစ်သာရသဘောထားကို
ရှင်းလင်းပေးတော်မူပါဘုရား။
.
( ဖြေ )
.
လူပုဂ္ဂိုလ်တို့သည် နိစ္စသီလဖြစ်သောငါးပါးသီလကိုသာ စောင့်ထိန်းရာမှ
အရိယာသူတော်ကောင်းများကဲ့သို့ သီလများစွာကို စောင့်ထိန်းလိုသောအခါ
အနာဂါမ်အရိယာများ, ရဟန်းပုဂ္ဂိုလ်နှင့် ဘုရား ရဟန္တာများအား အတုယူ၍
ဗြဟ္မစရိယသီလတော်မြတ်ကို ခံယူဆောက်တည်ကြရာ ကာမေသု မိစ္ဆာစာရာ
ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-နေရာ၌ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ
သမာဒိယာမိ-ကို အစားထိုး ဆောက်တည်ကြရပါသည်၊
ဗြ.ဟ္မစရိယ သိက္ခာပုဒ်တော်ကြီးမှာ အလွန်သိမ်မွေ့လှပါသည်၊ ဤသိက္ခာပုဒ်တော်ကြီး
တည်တံ့ခိုင်မြဲရေး၏ အကြီးဆုံးအန္တရာယ်မှာ ညစာစားခြင်းပင် ဖြစ်ပါသည်၊
.
ညစာစားမှုသည် ကာမမှုကို အားပေးသော အားဆေးကြီးပင် ဖြစ်သည်။
ထို့ကြောင့် ဗြဟ္မစရိယသိက္ခာပုဒ် ခိုင်မြဲရေးအတွက် ညစာစားမှုကို ပထမဆုံး
ရှောင်ကြဉ်ရပါသည်။
.
ထို့အတူ ဗြဟ္မစရိယ သိက္ခာပုဒ်ကို ပျက်ပြားစေရေး အားပေးသော ကခြင်း,
သီဆိုခြင်း, တီးမှုတ်ခြင်း, ယင်းတို့ကို ကြည့်ရှု နားထောင်ခြင်း, ပန်းပန်ခြင်း,
နံ့သာလိမ်းခြင်း, တန်ဆာဆင်ခြင်းနှင့် ညက်ညောသော အခင်းအာရုံတို့နှင့်
အိပ်စက်ခြင်းတို့ကိုပါ ရှောင်ကြဉ်ရပါသည် ။
.
(ဆရာတော်ရဝေထွန်း - အရှင်တိလောကသာရ)

No comments: