Wednesday, July 5, 2017

ဝါတွင်းကာလ အဓိဋ္ဌာန်တစ်ခု ဝင်ကြည့်ကြစို့

.
════════════════════════
ဝါတွင်းကာလ အဓိဋ္ဌာန်တစ်ခု ဝင်ကြည့်ကြစို့
════════════════════════
.
.
လာမည့် ဝါဆိုလပြည့်နေ့ (၈-၇-၂၀၁၇)နေ့ဆိုရင်
ထေရဝါဒ ရဟန်းသံဃာတော်များရဲ့ ဝါဆိုဝါကပ် ပြုတော်မူရာ
ဝါတွင်းကာလ စတင်တော့မှာ ဖြစ်ပါတယ်။
.
ဝါတွင်းကာလ ရောက်ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာတွေဟာလည်း
ဘာသာတရားကို အထူးအလေးထားလေ့ရှိပြီး အကုသိုလ်
အလုပ်များကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကာ ဥပုသ်ဆောက်
တည်ခြင်း၊ တရားနာခြင်း၊ တရားစခန်းဝင်ခြင်း စတဲ့ ကောင်းမှုတွေ
ကို သတ်မှတ်ပြုလုပ်လေ့ ရှိကြပါတယ်။
.
တစ်ချို့လည်း ဒီဝါတွင်းကာလမှာ ဘယ်လိုနေမယ်၊
ဘယ်လိုထိုင်မယ်၊ ဘာကုသိုလ်လုပ်မယ် စသဖြင့် အဓိဋ္ဌာန်
တစ်ခုခုပြုကာ ကိုယ့်ကိုယ်ကို ကုသိုလ်ကောင်းမှုတွေမှာ
သတ်မှတ်လုပ်ဆောင်ကြတာတွေလည်း ရှိတတ်ပါတယ်။
.
ဒီလိုအလုပ်တွေဟာ အလွန်ကောင်းမွန်တဲ့ အလုပ်တွေဖြစ်
တဲ့အတွက် တစ်ချို့တစ်ချို့ လုပ်နေကြတာထက်စာရင်
ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး လုပ်နိုင်ကြရင်တော့
အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကျန်တဲ့အချိန်တွေ မလုပ်နိုင်တာ
တောင်မှာ ဝါတွင်းကာလမှာတော့ ကိုယ့်ကိုကိုယ် အဓိဋ္ဌာန်လေး
ဝင်ပြီး လုပ်ကြည့်နိုင်ရင် သိပ်ကောင်းမှာ ဖြစ်ပါတယ်။
.
တကယ်တော့ အဓိဋ္ဌာန်ဆိုတာ အဓိဋ္ဌာနဆိုတဲ့ ပါဠိစကားကို
မြန်မာမှု ပြုထားတာဖြစ်ပါတယ်။
.
အဓိဋ္ဌာနဆိုတာ ဆောက်တည်ခြင်း၊ စိတ်ဆုံးဖြတ်တဲ့အတိုင်း
မြဲမြံစွာ ထိန်းသိမ်းခြင်းကို ဆိုတာဖြစ်ပါတယ်။
ဘုရားရှင်တို့ ဖြည့်ကျင့်ရတဲ့ ပါရမီတွေထဲမှာလည်း အဓိဋ္ဌာန
ပါရမီဆိုတာ ပါရှိပါတယ်။ ဘုရားလောင်းတို့ ဖြည့်ကျင့်တော်
မူတဲ့ ဒီအဓိဋ္ဌာန ပါရမီက အပြစ်ကင်းတဲ့ အရာတွေမှာ စိတ်ကို
ဆောက်တည်ခြင်း ဖြစ်ပြီး အဲဒီဆောက်တည်တဲ့ အတိုင်းလည်း
မပျက်စီးအောင် ကြိုးကြိုးစားစား ထိန်းသိမ်းနေထိုင်ခြင်းကို
ရည်ညွန်းပါတယ်။

ဒါက ပါရမီမြောက် ဖြည့်ကျင့်တဲ့ သဘော
ကို ဆိုလိုတာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂိုလ်တွေ အနေနဲ့လည်း
ပါရမီမြောက်တဲ့ အထိ မဖြည့်ကျင့်နိုင်တာတောင်မှ တစ်နှစ်မှာ
အနည်းဆုံး တစ်ခါလောက်တော့ အဓိဋ္ဌာန်လေးတွေ
ဝင်ကြည့်သင့်ပါတယ်။ ပါရမီမြောက်တာ မမြောက်တာ
အသာထား ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ကို ကောင်းတဲ့အရာလေး
တစ်ခုအပေါ်မှာ မြဲမြံအောင် ဆောက်တည်ထားနိုင်ရင်
ဒါဟာ ထူးခြားတဲ့ ကုသိုလ်တစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။
.
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကျန်တဲ့အချိန်တွေမှာ
မအားလပ်လို့ မလုပ်နိုင်ဘူး ဆိုရင်တောင်မှ ၀ါတွင်းကာလ
အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ ၀င်ကြည့်ကြပါလို့
ဆိုချင်တာ ဖြစ်ပါတယ်။
.
မကောင်းတဲ့အလုပ်ဆိုရင် အချိန်မရွေး အလွယ်တကူ
လုပ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်ကိုတော့ တစ်ခုခုနဲ့
အားပြုတိုက်တွန်းပေးမှ လုပ်တတ်ကြတဲ့ ပုထုဇဉ်တွေ အနေနဲ့
ဒီလို ကာလသတ်မှတ်ပြီး လုပ်ရတဲ့ ကုသိုလ်မျိုးတွေကို
အဓိဋ္ဌာန်ဆိုတဲ့ သတ်မှတ်ချက်လေးတစ်ခုနဲ့ ကိုယ့်ကိုယ်ကို
ပြဋ္ဌာန်းပြီး လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။
.
ပြဋ္ဌာန်းသတ်မှတ်ချက်တွေကို အစွဲမရှိဘဲ ကျော်လွှားနိုင်အောင်
ကြိုးစားဖို့လိုပေမယ့် မကောင်းမှုတွေမှာ ပျော်တတ်တဲ့ ပုထုဇဉ်တွေ
အနေနဲ့တော့ ကုသိုလ်တစ်ခုခု လုပ်နိုင်ဖို့ သတ်မှတ်ပြဋ္ဌာန်းချက်
လေးတွေတော့ လိုနေတတ်ပါတယ်။
ဒါကြောင့် အဓိဋ္ဌာန်ဝင်ကြည့်ဖို့ သတ်မှတ်ကြည့်တာ ဖြစ်ပါတယ်။
.
ကုသိုလ်ကောင်းမှုတွေကို နေ့စဉ်တစ်ခုလောက်တော့ မပြတ်အောင်
သတ်မှတ်ပြီး လုပ်မယ်လို့ အဓိဋ္ဌာန်ဝင်ကာ လုပ်နိုင်ရင်တော့
အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလို မလုပ်နိုင်သေးတဲ့
သူတွေအတွက်တော့ အရင်ဆုံး ၀ါတွင်းကာလလေးကိုတော့
သတ်မှတ်ပိုင်းခြားပြီး လုပ်ကြည့်ကြဖို့ လိုပါတယ်။
.
ဝါတွင်းကာလ (၃)လလုံးမှာလည်း နေ့တိုင်းမလုပ်နိုင်သေးဘူး
ဆိုရင်တော့ တစ်လမှာ လေးရက်ပဲ ရှိတဲ့ ဥပုသ်နေ့လေးတွေမှာတော့
ဥပုသ်သီလကို မဖြစ်မနေ စောင့်ထိန်းပြီး နေမယ်ဆိုတဲ့
အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။
ဥပုသ်နေ့မှာ ဥပုသ်စောင့်ပြီးရင် ပြီးရောဆိုပြီး ကျန်တဲ့နေ့တွေမှာ
လုပ်ချင်ရာလုပ်ဖို့တော့ မဟုတ်ပါဘူး။ ကျန်တဲ့နေ့တွေမှာလည်း
ငါးပါးသီလကတော့ လုံနေရမှာ ဖြစ်ပါတယ်။
.
ဘာပဲဖြစ်ဖြစ် ၀ါတွင်းကာလ ဥပုသ်နေတွေမှာတော့ ဥပုသ်သီလကို
ဘယ်လိုပဲ ဖြစ်ဖြစ် စောင့်ဖြစ်အောင် စောင့်ထိန်းမယ်ဆိုတဲ့
အဓိဋ္ဌာန်တစ်ခုတော့ ၀င်ကြည့်ကြဖို့ ပြည်တွင်းပြည်ပမှာ ရှိတဲ့
မြန်မာဗုဒ္ဓဘာသာများကို တိုက်တွန်းလိုပါတယ်။
.
“အရှင်ဘုရား… တပည့်တော်တို့က အလုပ်မအားတော့
ဘုန်းကြီးကျောင်းလည်း မသွားနိုင်ဘူး၊ ဘုန်းကြီးဆီမှာလည်း
ဥပုသ်သီလ မယူနိုင်ဘူး”လို့ အကြောင်းတော့ မပြပါနဲ့ဦး။
ဥပုသ်သီလကို ကိုယ့်ခေါင်းရင်းမှာ ဘုရားရှင်ရှိနေသလို
အာရုံပြုပြီး ကိုယ့်ဖာသာကိုယ် ဆောက်တည်လို့ ရနိုင်တာဖြစ်လို့
ဒီအတွက် ပူစရာ မရှိပါဘူး။
.
တစ်ချို့က တပည့်တော်တို့က ညပိုင်း
အလုပ်တွေ လုပ်နေရတော့ အစားစားရတာ အဆင်မပြေဘူး
ဆိုရင်လည်း ဒီဥပုသ်နေ့တစ်နေ့ အတွက်တော့ ကိုယ့်ဖာသာကို
မွန်းတည့် ၁၂နာရီ မကျော်ခင် အဆင်ပြေသလို စားနိုင်အောင်
ကြိုးစားသင့်ပါတယ်။ တစ်နေ့မှာ ညစာတစ်နပ်မစားလို့တော့
ချက်ချင်း မသေနိုင်လောက်ပါဘူး။
.
သေသွားလည်း ဥပုသ်စောင့်တဲ့ အဓိဋ္ဌာန်နဲ့ သေသွားတာဆိုတော့
ကောင်းရာ သုဂတိတော့ ရောက်စေမှာ အမှန်ပါပဲ။
ကျန်းမာရေးအရ ဘယ်လိုမှ မစားလို့ မဖြစ်ဘူးဆိုရင်တော့
ဆေးအဖြစ် တစ်ခုခုကို ဖန်တီးစားသောက်ကြည့်နိုင်ပါတယ်။
ဥပမာ သပြေသီး၊ သရက်သီး၊ ငှက်ပျောသီးတွေကို
ကြေညက်အောင်ဖျော်ပြီး ဖျော်ရည်အဖြစ် သောက်တာမျိုး စသဖြင့်ပေါ့။
ကျန်းမာရေး မကောင်းပေမယ့် ဝေဒနာကို သီးခံနိုင်လို့
မသောက်ဘဲ နေနိုင်တယ်ဆိုရင်တော့ ဒါဟာ အမတန်ကောင်းတဲ့
အကျင့်တစ်ခု ဖြစ်ပါတယ်။
ဆိုလိုတာက ၀ါတွင်းကာလ ဥပုသ်နေ့တစ်ရက်လောက်တော့
ဥပုသ်သီလစောင့်ထိန်းခြင်း အဓိဋ္ဌာန် တစ်ခုကို ကြိုးစားပြီး
လုပ်ကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။
.
ဒီကောင်းတဲ့ အဓိဋ္ဌာန် တစ်ခုဟာ တစ်ခါတစ်လေ ဘ၀မှာ
အခက်အခဲတွေနဲ့ ကြုံတဲ့အခါ ကိုယ်ကိုယ်ကို သစ္စာဆိုပြီး
ကျော်လွှားနိုင်တဲ့အထိ အားအင်ကို ဖြစ်စေနိုင်သလို
ဘ၀တစ်လျှောက်မှာ ဒီအချိန် ဒီကာလတုန်းက ဒီလိုအလုပ်တွေ
လုပ်ခဲ့တယ်ဆိုတာ ကိုယ့်သမိုင်းကိုယ် သံသယကင်းစေ၊ ကိုယ်ကိုယ်ကို
အားခွန်တွေ ပေးစေ၊ ယုံကြည်မှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။
.
တစ်ပတ်မှာ ဥပုသ်နေ့ တစ်ရက်လောက်တော့
သူများအသတ်သတ်တာ၊
သူများပစ္စည်းခိုးတာ၊
မေထုန်ကိစ္စမှီဝဲတာ၊
မုသားပြောတာ၊
အရက်သေစာမူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာ၊
နေလွဲညစာစားတာ၊
ဆိုကရေးတီးခြင်း ကြည့်ရှုနားထောင်ခြင်းနဲ့
အမွေးနံ့သာ သုံးဆောင်မှီဝဲတာ၊
ကိလေသာဖြစ်စေနိုင်တဲ့ နူးညံ့ပျော့ပြောင်းပြီး မြင့်မြတ်တဲ့
နေရာတွေမှာ နေထိုင်အသုံးပြုတာ တွေကနေ ရှောင်ကြဉ်ပြီး
.
နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မပျက်အောင် ကြိုးစားနေနိုင်မယ်
ဆိုရင် ဒါဟာ ကိုယ့်အတွက် အောင်မြင်တဲ့ အဓိဋ္ဌာန်တစ်ခု ဖြစ်သလို
ဒီအလုပ်လေးကို တွေးတိုင်းတွေးတိုင်း အားခွန်တွေနဲ့ ကုသိုလ်ပီတိတွေ
တိုးနေစေမှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခုခုလိုချင်လို့ တစ်ခုခုရချင်လို့ စတဲ့ လိုချင်တပ်မက်တဲ့
လောဘနဲ့ ကိုးန၀င်း မိုးလင်းမှ သိမယ်ဆိုတဲ့ လောကီအကျိုးကို
မျှော်ကိုးတဲ့ အဓိဋ္ဌာန်မျိုး မဖြစ်ဖို့လိုပြီး ကုသိုလ်ရလိုတဲ့ စိတ်နဲ့
မကောင်းမှု မလုပ်ဖြစ်အောင် သီလနဲ့ ထိန်းလိုတဲ့ သဘောနဲ့
ဘာမျှော်လင့်ချက်မှ မပါဘဲ ဆောက်တည်တဲ့ သီလအဓိဋ္ဌာန်မျိုး
ဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။ ဒါမှသာ ဥပုသ်စောင့်ခြင်းဆိုတဲ့
အဓိဋ္ဌာန်ရဲ့ အဓိပ္ပါယ်လည်း အပြည့်အ၀ အနှစ်သာရ ရှိမှာ ဖြစ်ပါတယ်။
မျှော်လင့်ချက်ပါပြီး လုပ်တဲ့အလုပ်မှန်သမျှ အကျိုးတရား အပြည့်အဝ
မရတတ်တာကို သတိပြုဆင်ခြင်ပြီး ဘာလိုလို့ ဘာလုပ်တဲ့
သဘောမျိုး မဖြစ်စေတဲ့ အဓိဋ္ဌာန်မျိုး ဖြစ်အောင် ကြိုးစားသင့်ပါတယ်။
ပြောချင်တာက သတ်မှတ်ချက်ပါမှ ကောင်းတဲ့အလုပ်ကို
လုပ်တတ်ကြတဲ့ ပုထုဇဉ်တွေရဲ့ သဘာဝအတိုင်း မျှော်လင့်ချက်
မပါတဲ့ သတ်မှတ်ချက်လေးတစ်ခု အနေဖြင့် ဥပုသ်သီလ စောင့်သုံးခြင်းဆိုတဲ့
အဓိဋ္ဌာန်လေးတစ်ခုကို စမ်းပြီးလုပ်ကြည့်ကြဖို့ ပြောချင်တာပါ။
လောကမှာ ဥပုသ်မစောင့်ဖူးတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိနေတဲ့အတွက်
မစောင့်ဖူးသေးတဲ့ သူတွေအနေနဲ့ ဥပုသ်လည်းစောင့်ရင်း
အဓိဋ္ဌာန်လည်းဝင်ရင်း၊ တစ်နည်းအားဖြင့် ဥပုသ်စောင့်နိုင်အောင်
အဓိဋ္ဌာန်ဝင်ခြင်းဖြင့် ကြိုးစားကြည့်ခြင်းကို စမ်းပြီးလုပ်ကြည့်ကြဖို့
တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဒီလိုသာ အဓိဋ္ဌာန်လေး ၀င်ကြည့်နိုင်
မယ်ဆိုရင် ကိုယ်ကမမျှော်လင့်ပေမယ့် ကိုယ်လုပ်တဲ့ ကောင်းတဲ့ကံရဲ့
အကျိုးပေးမှုကတော့ သူ့အလုပ်သူလုပ်လာမှာ ဖြစ်ပါတယ်။
ကိုယ်ကိုယ်တိုင်ကတော့ ကောင်းတဲ့အလုပ်ကို လုပ်နေဖို့ပဲ လိုပါတယ်။
ဒါကြောင့် ဘ၀မှာ တစ်ခါလောက်တော့ အဓိဋ္ဌာန်လေး
ဝင်ကြည့်ချင်တဲ့ သူတွေအနေနဲ့ အခွင့်အရေး တစ်ခုအဖြစ်
ဒီနှစ်ဝါတွင်း ဥပုသ်နေ့တွေမှာ ဥပုသ်သီလကို မပျက်အောင်
စောင့်ထိန်းမယ်ဆိုတဲ့ အဓိဋ္ဌာန်လေးကို ၀င်ကြည့်ကြဖို့ အကြံပြု
တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ လက်တွေ့ကျင့်ရင် လက်တွေ့
အကျိုး ရစေနိုင်တဲ့ တရားတော်ရဲ့ ဂုဏ်တော်အစွမ်းကို
ကိုယ်ကိုယ်တိုင် ဒိဋ္ဌမျက်မြင် သိမြင်လိုသူတွေ အနေနဲ့
ကိုယ်ကိုယ်တိုင် လက်တွေလုပ်ဆောင် ကြည့်ခြင်းဖြင့်
အဓိဋ္ဌာန်တစ်ခု ၀င်ကြည့်ကြဖို့ တိုက်တွန်းရင်း ဒီနှစ်ဝါတွင်း
ကာလာ ဥပုသ်နေ့များကို ဖော်ပြလိုက်ပါတယ်။
အားလုံး မျှော်လင့်ချက်မပါတဲ့ ကုသိုလ်စိတ်နဲ့ အဓိဋ္ဌာန်လေးတွေ
ဝင်နိုင်ကြပါစေ…
.
.
 (၂၀၁၇) ခုနှစ် ၀ါတွင်း ဥပုသ်စောင့်တည် ရမည့်နေ့ရက်များမှာ 
.
.
၁။ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ (၈-၇-၂၀၁၇)၊ စနေနေ့
.
၂။ ဝါဆိုလဆုတ် (၈)ရက်၊ (၁၆-၇-၂၀၁၇)၊ တနင်္ဂနွေနေ့
.
၃။ ဝါဆိုလကွယ် (၂၃-၇-၂၀၁၇)၊ တနင်္ဂနွေနေ့
.
၎။ ၀ါခေါင်လဆန်း (၈)ရက် ၊ (၃၁-၇-၂၀၁၇) ၊ တနင်္လာနေ့
.
၅။ ဝါခေါင်လပြည့် (၇-၈-၂၀၁၇)၊ တနင်္လာနေ့
.
၆။ ဝါခေါင်လဆုတ် (၈)ရက် (၁၅ -၈-၂၀၁၇)၊ အင်္ဂါနေ့
.
၇။ ဝါခေါင်လကွယ် (၂၁-၈-၂၀၁၇)၊ တနင်္လာနေ့
.
၈။ တော်သလင်းလဆန်း (၈)ရက် (၂၉-၈ -၂၀၁၇)၊ အင်္ဂါနေ့
.
၉ ။ တော်သလင်းလပြည့် (၅ -၉ -၂၀၁၇)၊ အင်္ဂါနေ့
.
၁၀။ တော်သလင်းလဆုတ် (၈)ရက် (၁၃-၉ -၂၀၁၇)၊ ဗုဒ္ဓဟူးနေ့
၁၁။ တော်သလင်းလကွယ် (၂၀-၉-၂၀၁ရ)၊ ဗုဒ္ဓဟူးနေ့
.
၁၂။ သီတင်းကျွတ်လဆန်း (၈)ရက် (၂၈-၉-၂၀၁ရ)၊ ကြာသပတေးနေ့
.
၁၃။ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ (၅-၁၀-၂၀၁၇)၊ ကြာသပတေးနေ့
.
.
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
.
.
Thanks;
#Dhamma ပီတိ
.
https://www.facebook.com/pahtanpuzawkyathumyar

No comments: