Thursday, May 13, 2021

ကြီးပွား တိုးတက် ချင်လျှင်

═════════════════════
❝ ကြီးပွား တိုးတက် ချင်လျှင် ❞
═════════════════════ 
••
••                      
မင်္ဂလသုတ်မှာ...
ကြီးပွားတိုးတက်ချင်တယ် ဆိုလို့ ရှိရင် 
“အသိဉာဏ်ကင်းမဲ့ပြီး ထင်ရာလုပ်တတ်တဲ့ 
ပုဂ္ဂိုလ်တွေနဲ့ တွဲဖက်ပြီးအလုပ်မလုပ်နဲ့။ 

အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ် နဲ့ တွဲဖက်ပြီး အလုပ်လုပ်
လူ့အသိုင်းအဝိုင်းထဲမှ လူတော်လူကောင်းတွေကို 
ရွေးချယ်အသိအမှတ်ပြု။

” စာပေနဲ့ ပြောမယ်ဆိုရင်...
အသေ၀နာ စ ဗာလာနံ၊ 
ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ ဆိုတာဒီအချက်ကိုပြောတာ။ 

လူ့အသိုင်းအဝိုင်းထဲမှာ တော်တဲ့လူကို 
တော်သလို ချီးမြှောက်တာ ပူဇာ။ 
ပူဇော်တယ်ဆိုတာ တော်ရင်တော်သလို 
ချီးမြှောက်ပြီးဂုဏ်ပြုတာ။ရွေးချယ်ဂုဏ်ပြုတာ
ဒီလိုဆိုလိုတယ်ပေါ့နော်။ ။

အလုပ်လုပ်ပြီ ဆိုတဲ့အခါမှာ 
လူကိုခင်သည် ဖြစ်စေ၊ မခင်သည်ဖြစ်စေ၊
အမျိုးတော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ 
အလုပ်တစ်ခုကို ဖော်ဆောင်ပြီ ဆိုရင် 
အသိပညာ၊ အတတ်ပညာရှိတဲ့ ပုဂ္ဂိုလ်နဲ့သာ 
တွဲဖက်ပြီး အလုပ်လုပ်ရမယ်။ 

အသိဉာဏ်ကင်းမဲ့တဲ့ ပုဂ္ဂိုလ်ဟာဘယ်လောက်ပဲ 
ကိုယ်နဲ့ရင်းနှီးရင်းနှီး သူ့ အကြံတွေကိုယူပြီး 
အလုပ်လုပ်ရင်အလွဲလွဲ အချော် ချော်နဲ့ 
ဒုက္ခရောက်နိုင်တယ်။

ဒါကို မြတ်စွာဘုရားက 
အသေဝနာ စ ဗာလာနံ
အသိဉာဏ်ပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်နဲ့ 
တွဲဖက်ပြီးမလုပ်နဲ့။ 
(ဗာလကို လူမိုက်လို့ ဘာသာပြန်တဲ့အခါမှာ 
မြန်မာ စကားမှာ လူဆိုးလူမိုက်ဆိုတဲ့ 
အဓိပ္ပာယ်လို့ လူတွေက ထင်မှတ်သွားကြတယ်။ 

ဆိုလိုတာက ဗာလ ဆိုတာ အသိပညာ 
ကင်းမဲ့သူ၊ ပညာမရှိသူလို့ ဒီလိုဆိုလိုတယ်။) 
ပညာမရှိရင် အလွဲလွဲ အမှားမှား လုပ်တတ် 
တယ်။ ဒါကြောင့်မို့ ပညာရှိဖို့ အရေးကြီးတယ်။ 

ပဏ္ဍိတ ဆိုတာ အရာရာမှာ စဉ်းစဉ်းစားစား၊ 
ဆင်ဆင်ခြင်ခြင်၊ အမြော်အမြင်ရှိရှိ လုပ်တတ်တဲ့
ပုဂ္ဂိုလ်ကိုခေါ်တယ်။ အဲဒီ ပဏ္ဍိတလို့ခေါ်တဲ့ 
အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ တွဲဖက်ပြီး 
အလုပ်လုပ်ပါလို့ ဒီလို ပြောလိုရင်းဖြစ်တယ်။ 
အေး- လူ့အသိုင်းအဝိုင်းထဲမှာ 
ပူဇာ စ ပူဇနေယျာနံ- ဂုဏ်ပြုထိုက်တဲ့ပုဂ္ဂိုလ်
တွေကို ဂုဏ်ပြုပါ။ ဒါဟာ အရေးကြီးဆုံး 
မြတ်ဗုဒ္ဓဆုံးမထားတဲ့ မင်္ဂလာပဲ။

ဒီ မင်္ဂလာတရားကို 
ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကိုယ့်အသိုင်းအဝိုင်းမှာ 
ကိုယ်လက်ခံနိုင်တဲ့ အရာတွေ သာဖြစ်တယ်။ 
ငြင်းပယ်စရာအကြောင်း တစ်ခုမှမရှိ ဘူး။ 
တကယ်လိုက်နာလို့ရှိရင် တကယ်ကြီးပွား
တိုးတက် နိုင်တဲ့အရာသာဖြစ်တယ်။ 

ဒီထက် တိုးတက်လာဖို့ အတွက် ကြိုးစားရမယ့်
အချက်တွေကိုလည်း မြတ်စွာဘုရားက မင်္ဂလာ
တရားတော်မှာ ဆက်လက်ပြီးတော့ဟောထားတာ 
အားလုံးသိကြတယ်နော်။
အဲဒီလို ဘာသာတရားဟာ မတိမ်းစောင်းအောင် လမ်းကြောင်းကို ဖြောင့်ပေးတယ်။

[ မင်္ဂလာတရားနှင့်အညီ 
နိုင်ငံသစ်တည် တရားတော်မှ ]
          ▬▬▬▬ ஜ ☸️ ஜ ▬▬▬▬

{ရွှေကျင်နိကာဥပဥက္ကဋ္ဌ မဟာနာယက၊
အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် 
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ}
••
•• 
မျှဝေ ပူဇော်ပါသည်
•• 
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
•• 
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com

ဝေဒနာ ပြင်းထန်သောအခါတရား ရှုမှတ်နည်

══════════════════════
❝  ဝေဒနာ ပြင်းထန်သောအခါ
တရား ရှုမှတ်နည်း ❞
══════════════════════
••
••
"ကံ၊ စိတ်၊ ဥတု၊ အာဟာရ"- အကြောင်းများကြောင့် "မဟာဘုတ်များ"ဖောက်ပြန်ကာ "ပြင်းထန်သော ဝေဒနာ"များ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ 

"ဝေဒနာ"သည်-
-ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောကျာ်း၊ မိန်းမ၊ အသား၊ အရေ၊ အကြော၊ အရိုး၊ သွေးလေ၊ သလိပ်၊ သည်းခြေ"- 
စသည် မဟုတ်။ 
"ဓာတ်လေးပါး တို့၏ အထူးဖောက်ပြန်မှုပင်တည်း"-ဟု ယုံယုံကြည်ကြည် သဘောထားပြီးလျှင်,

"စိတ်"ကို"တစ်နေရာရာ"၌ထား၍
(ရင်၀ မှာထားနိုင်လျှင်သာ၍ကောင်းသည်) ရှုရမည်။ 

တစ်ကိုယ်လုံး ၌ရှိသော "ဝေဒနာ"တွေကို 
အလိုလိုသိလာလိမ့်မည်။ 

"ဝေဒနာ"တစ်ခုထဲကို ကြည့်လျှင် 
"ပို၍မခံနိုင်အောင်"ဖြစ်လာတတ်သည်။ 

"ဝေဒနာ"သည်, 
-"ခြေ"က နာသည်၊ 
-"ခေါင်း"က နာသည်-စသည်တို့ ဖြင့် -
"ပညတ်"တို့ဖြင့်တွဲ၍ ကြည့်နေလျှင်-သာ၍ဆိုးသည်။ 

"ပညတ်အာရုံ"ကို ဂရုမစိုက်နှင့်။ 

"တစ်ကိုယ်လုံး၌ရှိသော ဝေဒနာ"တို့ကိုသာ ခြုံ၍
"သိအောင်"ကြည့်ရမည်။
      
နာကျင်ခံခက်သော "ဒုက္ခဒဏ်ချက်"ကို ဂရုမစိုက်ပဲ-
"ဒုက္ခ"ထဲမှ "သေးငယ်မှုန်မွှားသော 
ဝေဒနာသဘောလေး"တွေ,
-ဖြစ်ပေါ်လိုက် 
-ပျောက်ပျက်လိုက်နှင့်နေသည့် 
"ဝေဒနာ၏ အနိစ္စအချက်"တို့ကိုသာ ထင်ရှားအောင် ဂရုစိုက်၍ ရှုပါ။ 

ဤသို့ "ဝေဒနာဖြစ်/ပျက်"တွေကို 
"အထပ်ထပ် အခါခါ ရှုမြင်ပွားများ"နေတာကို 
"ဝေဒနာနုပဿနာ"ဟူ၍ခေါ်သည်။ 

"ရှုဖန်များ"လျှင်-
"ဝေဒနာ-တွေဖြစ်သင့်သလို ဖြစ်ပျက်နေတာ"-ကို 
သေသေချာချာ သိလာလိမ့်မည်။

 ကြာလျှင်"သမာဓိ"အား ကောင်းလာပြီး 
"ကိုယ်ကာယကြီး"ကိုတောင် 
-မသိတစ်ချက် 
-သိတစ်ချက်နှင့် 
"ဝေဒနာ"တို့ ကိုသာလျှင် သိလျှက်,
"စိတ်"သည်တည်၍နေလိမ့်မည်။ 

-"စိတ်"တည်၍ "သမာဓိ"ကောင်းလေ,
-"ဝေဒနာ"တွေကို သာပို၍ထင်ရှားစွာ သိမြင်ရလေ, 
ဖြစ်လာလိမ့်မည်။ 

ထိုအခါ-
"ပညတ်အာရုံ"တည်းဟူသော-
"ကိုယ် လက် အင်္ဂါကြီးငယ်"တို့ကို 
ရှိမှန်းတောင် မသိတော့ပဲ-
-"အနိမိတ္တ"၊ 
-"အပ္ပဏိဟိတ"၊ 
-"သုညတ သမာဓိ"နှင့်"ဝိဟာရ"မျိုးဖြစ်လျှက်-
"ပရမတ်အာရုံ"ဖြစ်သော "ဝေဒနာ"တို့ ကိုသာလျှင် 
သိလျက် နေတော့သည်။

"ဝေဒနာနုပဿနာ,ဘာ၀နာမယဥာဏ် "- ဟုခေါ်သည်။

( "အနိမိတ္တ"= ပုံသဏ္ဍာန်နိမိတ်၊ နိစ္စနိမိတ် ကင်းစင်၊

"အပ္ပဏိဟိတ"=သာယာတောင့်တသော 
တဏှာပဏီဓိ ကင်းစင်၊

"သုညတ"=ဘာမှမရှိ သုညချည်းသာ ဟု "အတ္တဒိဋ္ဌိ"
ကင်းစင်)

ဤကဲ့သို့"ဘာ၀နာမယဥာဏ်"ဖြင့် ရှုမြင်နေရင်း "သမာဓိ"အရှိန်ပြေလာလျှင် "ကိုယ်အင်္ဂါ"-စသည်တို့ကို တွေ့မြင်သိရှိ၍ လာပြန်၏။ 

သို့ပေမယ့်-
"ဝေဒနာ"ကိုမူ နှလုံးသွင်းမပျက်စေနှင့်။ 

"ဆေးဝါးဓာတ်စာ"တို့ကိုလည်း 
စားသင့်သမျှစားပြီးလျှင် "ဝေဒနာ"ကိုသာ ဆက်၍ရှု ။

မကြာမီ-
-"ဘာ၀နာမယဥာဏ်",
-"အပ္ပဏိဟိတ သမာဓိ"-တို့သို့ 
ရောက်သွားပြန်သည်။

 အကြောင်းပြည့်စုံလျှင်,
"မဂ်,ဖိုလ်"ကိုတောင် ရသွားတတ်သည်။ 
   
"မဂ်,ဖိုလ်"တစ်ကြိမ်ရပြီးသူ ဖြစ်လျှင်မူကား အချိန် ကို 
ကြာချင်သလောက် အဓိဋ္ဌာန် ၍ "ဝေဒနာ"ကိုရှု။ 

ရှုရင်း, ရှုရင်း "ဖိုလ်စိတ်,ဖိုလ်ဇော"တွေကျလျှက် 
"နိဗ္ဗာန်"ကို မျက်မှောက်ပြုမိလျက်သား 
ဖြစ်သွားတတ်သည်။ 

၎င်းနောက်
ထိုက်သည့်အားလျော်စွာ ကြာပြန်သောအခါ 
"သတိ"ပြန်၍ရလာတတ်သည်။ 

"သတိ"ရလျှင် "အဓိဋ္ဌာန်"ပြီး "ဝေဒနာ"ကို ထပ်၍ရှု ။ 

မကြာမီ"ဒုက္ခ"ငြိမ်းသွားတတ်သည်။ 
    
"ဝေဒနာ"ကိုရှုတတ်သော "လူမမာ"သည် 
"ပြင်းထန်စွာခံစား"နေရသော်လည်း 
"သာမည-လောက်သာ"ဟုထင်တတ်သည်။ 

"လူနာစောင့်များ"ကသာ 
"ဝေဒနာပြင်း"မှန်းသိကြသည်။ 

"ဘူတရုပ်-ကိုအားထုတ်သော"လူနာ"-
ငြိမ်ငြိမ်ဆိမ်ဆိမ် နေလျှင်-
"တစ်စုံတစ်ရာ မေးမြန်းပြောဆိုခြင်းမပြုအပ်"ကြပေ။ 

"သေမည်"ဆိုလျှင်လည်း- 
-လားရာ "သုဂတိ"(နတ်ပြည်၊ဘုံဗိမာန် )စသည် ကို 
မြင်ရ၍ 
မျက်နှာ၌ ကြည်လင်ရွှင်ပြလျှက်ဖြစ်နေတတ်သည်။ 

အချို့မှာ-
သူမြင်သလို အချိန်ရက-
ပြောပြပြီးမှ သေတတ်သည်။

ကျေးဇူးတော်ရှင်
"လယ်တီ ဆရာတော်ဘုရားကြီး"
▬▬▬▬ ஜ ☸️ ஜ ▬▬▬▬

မျှဝေ ပူဇော်ပါသည်
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
.
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com

(၁၅) မိ နစ် တ ရား ထိုင် နည်

══════════════════════
❝  (၁၅) မိ နစ် တ ရား ထိုင် နည်း ❞
══════════════════════
••
••
တနေ့လျှင် (၁၅)မိနစ်ခန့် တရားထိုင်ကြည့်ပါ။

ထူးခြားသော အကျိုးကျေးဇူးများ၊

ထူးခြားသော ကံကောင်းမှုများ၊

သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည်

■ (၁၅) မိနစ်တရားထိုင်နည်း ■

အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊ 

အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။

 ဘယ်လက်ဝါးကို အောက်က ထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။ 

နှာသီး၀အဖျားတွင် ထွက်လေ၀င်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။ 

တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။ 

တစ်ဖန် ၀င်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ၀င်လေဟု မှတ်လိုက်ခြင်းသည် အာနာပါနကမ္မဋ္ဌာန်း တရား အားထုတ်သည် မည်ပါတော့သည်။

ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး (၁၅)မိနစ်ခန့် တရားထိုင်ပါ။

“အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိကပ်၍သာလျှင် ၀င်သက်ကို ဖြစ်စေ၏။ ၀င်သက်ကို ရှိုက်ရှူ၏” 
(ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည်)

“ထွက်သက်လေကို ရှည်ရှည်ထုတ်သောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို ရှည်ရှည်ရူသောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”

“ထွက်သက်လေကို တိုတိုထုတ်သောယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို တိုတိုရှုရှိုက်သောယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”
 (ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်)

“အလုံးစုံသော ထွက်သက်၀င်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေကို ထုတ်၏။ ၀င်သက်လေကို ရှိုက်ရှု၏” (ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်)

“အရှိုက်အရှုပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ၀င်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ၀င်လေကို ရှုရှိုက်မည်ဟု ကျင့်၏” 
(ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်)

“ရံခါအတွင်း၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။” (ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်)

“ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။” 
(ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်)

“ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် 

`ငါ့ကိုယ်´ဟူ၍လည်းကောင်း၊ 
`ငါ၏ဥစ္စာ´ဟူ၍လည်းကောင်း၊

တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ 
အတ္တဒိဋ္ဌိပြုတ်လေတော့သည်” 
(ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။)

အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော်တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။

၀ိပဿနာပိုင်း ရှုမှတ်ပုံများ

သမထဆိုတာ တနေရာတည်းကို စိုက်ရှုတာပါ၊ ဝိပဿနာဆိုတာ ခန္ဓာကိုယ်တခုလုံးကို ဖြန့််ရှူတာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ်။
သမထယာနိကသမားအတွက် စတုတ္ထအဆင့်ကျင့်စဉ်မှာ ပဋိဘာဂအလင်းနိမိတ်ရရှိပြီး ဥပစာဆိုက်သွားပြီဆိုရင် ဝိပဿနာကို စတင်အားထုတ်ရှုမှတ်နိုင်ပါတယ်။

၀ိပဿနာရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှလားလို့ မေးစရာရှိပါတယ်။ စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို ရှုမှတ်ပွားများရမယ်လို့ ဆိုပါတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ သမထအားထုတ်မှု အားကောင်း၍ သမာဓိရင့်သန်နေတဲ့အတွက်ကြောင့်ပါ်။ ဝိပဿနာသက်သက်ရှုမှတ် ပွားများသူများသူတွေကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ်။

ရှု့နည်း ၃ မျိုး

(၁) သမထအားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂအလင်းနိမိတ်နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တကိုယ်လုံး သတိမလွတ်စေဘဲ ရှုခြင်း။

(၂) ခြေဖျား မှ ချက် ၊ ချက်မှ လည်မျို
လည်မျိုမှ ငယ်ထိပ်ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း။

(၃) လက်လေးသစ် သို့မဟုတ် တံတောင်လောက်စီ ပိုင်းပြီး ရှုမှတ်ခြင်း ဆိုပြီး ရှုမှတ်နည်း (၃) မျိုးရှိပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ရှုနည်းသုံးမျိုး ကွဲပြားသကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်းသုံးပါးကိုလည်း သိသင့်ပါတယ်။

(၁) မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း

(၂) မိမိခန္ဓာကိုယ်ရဲ့ငယ်ထိပ်ခြေတောက်လက်စတဲ့ နေ ရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေတာတွေကိုမှတ်ခြင်း

(၃) နှလုံးအိမ်ကို ရှုမှတ်ခြင်း 
ဆိုပြီး အစွန်းသုံးပါးရှိပါတယ်။

ဗုဒ္ဓါနုဿတိပွားများပုံ…

အရဟံ လို့ စိတ်ထဲက ဆိုပြီး ၀င်လေကို ရှူသွင်းပါ၊ အရဟံလို့ စိတ်ကဆိုပြီး ထွက်လေကို ပြန်ထုတ်ပါ၊ မိမိစိတ် ငြိမ်လာပြီ ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော် အရောက် အာရုံပြုပြီး ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား ဆိုပြီး ၀င်လေ ထွက်လေ တိုင်းမှာ ရှူမှတ်ပေးပါ ၊ ဒီလိုနည်းနဲ့ အချိန် ရသလောက် ပွားများပေးပါ၊ ဘုရားရှင် ပေါ်မှာ ကြည်ညိုတဲ့ စိတ်တွေ များလာလေ တရားအလုပ် လုပ်ရတာ ချောမွေ့ လွယ်ကူလေ ပါပဲ။

မေတ္တာဘာ၀နာပွားများပုံ…

အားလုံးသော သတ္တဝါတွေ ၀င်လေ တစ်ချက်… ချမ်းသာကြပါစေ ထွက်လေ တစ်ချက်. ဒီပုံစံနဲ့ မေတ္တာ ဘာ၀နာ ပွားများ နိုင်ပါတယ်... ကိုယ် ပွားများ ချင်တဲ့ ပုံစံနဲ့ ပွားများ နိုင်ပါတယ် ၀င်လေ ထွက်လေ ကပ်ပြီး ပွားများ တာက သမာဓိ ပိုရ လွယ်ပါတယ်..

မရဏဿတိ (သေခြင်းတရား ဆင်ခြင်ပုံ)

တစ်နေ့ သေရမှာ ပါတကား.. တစ်နေ့ သေရမှာပါ တကားလို့ ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင်ရပါမယ်.

အသုဘ ဘာ၀နာ (စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ)

ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကား… လို့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းပြီး ပွားများရ ပါမယ်၊ ပထမဆုံး ပုခုံးအထက် ဦးခေါင်း ပိုင်းကို အရင် ကြည့်ရပါမယ်. မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကို ပို့ထား ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ် စရာကြီး ပါတကားလို့.. စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ၊

ဒုတိယ.. ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ် စရာကြီး ပါတကားလို့ စ်ိတ်က ဆင်ခြင် ပွားများပြီး အတွင်းပိုင်း အူတွေ အသည်းတွေ ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများပါ။

တတိယ.. ခါးအောက်ပိုင်းအကုန် ခြေထောက် အထိ စိုက်ကြည့် ပွားများပါ၊ ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရား အလုပ်မှာ နှောင့်နှေး တတ်ပါတယ်။ နာမည်ကြီး ခေမာ ထေရီကို ကြည့်ပြီး သိနိုင်ပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တပ်မက်မှု ကင်းအောင် အသုဘ ဘာ၀နာကို ပွားများ ကြရပါတယ်။

ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ အားထုတ်မယ့် သူတွေ ကြိုးစား အားထုတ် ပွားများသင့် ပါတယ်၊ ရက်တွေ အများကြီး အချိန် မပေးနိုင် ရင်တောင် တရားမရှုမှတ်မိ အချိန်ပိုင်းလောက် ဗုဒ္ဓါန ုဿတိနဲ့ မေတ္တာ ဘာ၀နာကို ၁၀-မိနစ် သို့မဟုတ် ၁၅-မိနစ် ပွားများ သင့်ပါတယ်၊ မေတ္တာ စွမ်းအားဟာ တကယ့်ကို ကြီးမားလှ ပါတယ်။

နေ့စဉ် (၁၅) မိနစ်ခန့် ဝိပဿနာမြတ်တရားအား ကျင့်ကြံပွားများ အားထုတ် နိုင်ကြပါစေ 
▬▬▬▬ ஜ ☸️ ஜ ▬▬▬▬

မျှဝေ ပူဇော်ပါသည်
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
.
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com

Thursday, May 6, 2021

❝ နတ်တွေ သိကြားတွေ ၊ဝိဇ္ဇာတွေက စောင့်ရှောက်တယ်ဆိုတာ ❞

══════════════════════
❝  နတ်တွေ သိကြားတွေ ၊ဝိဇ္ဇာတွေက 
စောင့်ရှောက်တယ်ဆိုတာ  ❞
══════════════════════
••
••
၁။ သူနဲ့ပဌာန်းဆက်ရှိတဲ့
လူတွေကို ဆိုင်ရာနတ်တွေက 
စောင့်ရှောက်တယ်။

၂။ ကျေးဇူးရှိဖူးတဲ့သူတွေကို 
ဆိုင်ရာနတ်တွေက စောင့်ရှောက်တယ်။

၃။ သာသနာ အကျိုး ဘာသာအကျိုး 
သာသနာရေး အမှန်တကယ်လုပ်တဲ့ 
သူတွေကို  သိကြားမင်းနဲ့
သူ့အပေါင်းအပါတွေ
သာသနာစောင့်နတ်တွေက 
စောင့်ရှောက်တယ်။ 
တာ၀တိံသာက သိကြားမင်း
ဘိုးတော် မာဃဆိုတဲ့ 
သိကြားမင်းက စောင့်ရှောက်တာပါတဲ့ ။ 

ဒါကလည်း သူကလည်း ဘုရားရှင်ကို 
သူက ကတိပေးခဲ့လို့ပါတဲ့ ။

၄။ ငါးပါးသီလ ရှိတဲ့ သူ ၊ 
မိဘကိုလုပ်ကျွေးတဲ့သူတွေကိုလည်း 
နတ်တွေက  စောင့်ရှောင့်ကြပါတယ်။

နတ်တွေက 
လူလူချင်းလှူဒါန်းတဲ့ သူတွေကို 
ပိုသဘောကျတယ်ဆိုပဲ ။ 
ဆင်းရဲတဲ့သူတွေကို လှူဒါန်းခြင်း ၊ 
မကျန်းမာချို့တဲ့ တဲ့သူများကို 
လှူ ဒါန်းပေးကမ်းခြင်းတို့ကို
ပြုလုပ်တဲ့သူတွေကို 
ပိုမိုသဘောကျပါတယ်တဲ့။
အဲလိုလှူ ဒါန်းမှုပြုတဲ့  
လူမျိုးတွေကိုလည်း 
စောင့်ရှောင့်ကူညီတယ်ဆိုပဲ။ 

၅။ ဝိဇ္ဇာတွေကတော့ 
ပဌာန်းဆက်ရှိတဲ့သူ၊ 
တပည့်တော်ခဲ့ဖူးသူ ၊ 
အထက် ဝိဇ္ဇာတွေက တာ၀န်ပေးခံရလို့၊ 
ဝိဇ္ဇာအကျငိ့ ကို ဝီရိယစိုက်ပြီး 
ကျင့်ကြံနေသူ၊ အဲလိုလူမျိုးတွေကို 
စောင့်ရှောက်ရပါတယ်တဲ့။ 

အဲဒီမှာ ပြောစရာရှိတာက နတ်တွေက 
အသားငါး တအားစားတဲ့သူဆိုရင် 
မကပ်နိုင်လို့ ယူဇနာတစ်ရာကနေ 
စောင့်ရှောက်ကြည့်ရှုရတယ်ဆိုပဲ။

ကျေးဇူးတော်ရှင်
ဖားအောက်တောရ ဆရာတော်ကြီး

▬▬▬▬ ஜ ☸️ ஜ ▬▬▬▬

မျှဝေ ပူဇော်ပါသည်
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
.
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com