Thursday, May 13, 2021

ကြီးပွား တိုးတက် ချင်လျှင်

═════════════════════
❝ ကြီးပွား တိုးတက် ချင်လျှင် ❞
═════════════════════ 
••
••                      
မင်္ဂလသုတ်မှာ...
ကြီးပွားတိုးတက်ချင်တယ် ဆိုလို့ ရှိရင် 
“အသိဉာဏ်ကင်းမဲ့ပြီး ထင်ရာလုပ်တတ်တဲ့ 
ပုဂ္ဂိုလ်တွေနဲ့ တွဲဖက်ပြီးအလုပ်မလုပ်နဲ့။ 

အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ် နဲ့ တွဲဖက်ပြီး အလုပ်လုပ်
လူ့အသိုင်းအဝိုင်းထဲမှ လူတော်လူကောင်းတွေကို 
ရွေးချယ်အသိအမှတ်ပြု။

” စာပေနဲ့ ပြောမယ်ဆိုရင်...
အသေ၀နာ စ ဗာလာနံ၊ 
ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ ဆိုတာဒီအချက်ကိုပြောတာ။ 

လူ့အသိုင်းအဝိုင်းထဲမှာ တော်တဲ့လူကို 
တော်သလို ချီးမြှောက်တာ ပူဇာ။ 
ပူဇော်တယ်ဆိုတာ တော်ရင်တော်သလို 
ချီးမြှောက်ပြီးဂုဏ်ပြုတာ။ရွေးချယ်ဂုဏ်ပြုတာ
ဒီလိုဆိုလိုတယ်ပေါ့နော်။ ။

အလုပ်လုပ်ပြီ ဆိုတဲ့အခါမှာ 
လူကိုခင်သည် ဖြစ်စေ၊ မခင်သည်ဖြစ်စေ၊
အမျိုးတော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ 
အလုပ်တစ်ခုကို ဖော်ဆောင်ပြီ ဆိုရင် 
အသိပညာ၊ အတတ်ပညာရှိတဲ့ ပုဂ္ဂိုလ်နဲ့သာ 
တွဲဖက်ပြီး အလုပ်လုပ်ရမယ်။ 

အသိဉာဏ်ကင်းမဲ့တဲ့ ပုဂ္ဂိုလ်ဟာဘယ်လောက်ပဲ 
ကိုယ်နဲ့ရင်းနှီးရင်းနှီး သူ့ အကြံတွေကိုယူပြီး 
အလုပ်လုပ်ရင်အလွဲလွဲ အချော် ချော်နဲ့ 
ဒုက္ခရောက်နိုင်တယ်။

ဒါကို မြတ်စွာဘုရားက 
အသေဝနာ စ ဗာလာနံ
အသိဉာဏ်ပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်နဲ့ 
တွဲဖက်ပြီးမလုပ်နဲ့။ 
(ဗာလကို လူမိုက်လို့ ဘာသာပြန်တဲ့အခါမှာ 
မြန်မာ စကားမှာ လူဆိုးလူမိုက်ဆိုတဲ့ 
အဓိပ္ပာယ်လို့ လူတွေက ထင်မှတ်သွားကြတယ်။ 

ဆိုလိုတာက ဗာလ ဆိုတာ အသိပညာ 
ကင်းမဲ့သူ၊ ပညာမရှိသူလို့ ဒီလိုဆိုလိုတယ်။) 
ပညာမရှိရင် အလွဲလွဲ အမှားမှား လုပ်တတ် 
တယ်။ ဒါကြောင့်မို့ ပညာရှိဖို့ အရေးကြီးတယ်။ 

ပဏ္ဍိတ ဆိုတာ အရာရာမှာ စဉ်းစဉ်းစားစား၊ 
ဆင်ဆင်ခြင်ခြင်၊ အမြော်အမြင်ရှိရှိ လုပ်တတ်တဲ့
ပုဂ္ဂိုလ်ကိုခေါ်တယ်။ အဲဒီ ပဏ္ဍိတလို့ခေါ်တဲ့ 
အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ တွဲဖက်ပြီး 
အလုပ်လုပ်ပါလို့ ဒီလို ပြောလိုရင်းဖြစ်တယ်။ 
အေး- လူ့အသိုင်းအဝိုင်းထဲမှာ 
ပူဇာ စ ပူဇနေယျာနံ- ဂုဏ်ပြုထိုက်တဲ့ပုဂ္ဂိုလ်
တွေကို ဂုဏ်ပြုပါ။ ဒါဟာ အရေးကြီးဆုံး 
မြတ်ဗုဒ္ဓဆုံးမထားတဲ့ မင်္ဂလာပဲ။

ဒီ မင်္ဂလာတရားကို 
ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကိုယ့်အသိုင်းအဝိုင်းမှာ 
ကိုယ်လက်ခံနိုင်တဲ့ အရာတွေ သာဖြစ်တယ်။ 
ငြင်းပယ်စရာအကြောင်း တစ်ခုမှမရှိ ဘူး။ 
တကယ်လိုက်နာလို့ရှိရင် တကယ်ကြီးပွား
တိုးတက် နိုင်တဲ့အရာသာဖြစ်တယ်။ 

ဒီထက် တိုးတက်လာဖို့ အတွက် ကြိုးစားရမယ့်
အချက်တွေကိုလည်း မြတ်စွာဘုရားက မင်္ဂလာ
တရားတော်မှာ ဆက်လက်ပြီးတော့ဟောထားတာ 
အားလုံးသိကြတယ်နော်။
အဲဒီလို ဘာသာတရားဟာ မတိမ်းစောင်းအောင် လမ်းကြောင်းကို ဖြောင့်ပေးတယ်။

[ မင်္ဂလာတရားနှင့်အညီ 
နိုင်ငံသစ်တည် တရားတော်မှ ]
          ▬▬▬▬ ஜ ☸️ ஜ ▬▬▬▬

{ရွှေကျင်နိကာဥပဥက္ကဋ္ဌ မဟာနာယက၊
အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် 
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ}
••
•• 
မျှဝေ ပူဇော်ပါသည်
•• 
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
•• 
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com