══════════════════════
❝ ဝေဒနာ ပြင်းထန်သောအခါ
တရား ရှုမှတ်နည်း ❞
══════════════════════
••
••
"ကံ၊ စိတ်၊ ဥတု၊ အာဟာရ"- အကြောင်းများကြောင့် "မဟာဘုတ်များ"ဖောက်ပြန်ကာ "ပြင်းထန်သော ဝေဒနာ"များ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
"ဝေဒနာ"သည်-
-ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောကျာ်း၊ မိန်းမ၊ အသား၊ အရေ၊ အကြော၊ အရိုး၊ သွေးလေ၊ သလိပ်၊ သည်းခြေ"-
စသည် မဟုတ်။
"ဓာတ်လေးပါး တို့၏ အထူးဖောက်ပြန်မှုပင်တည်း"-ဟု ယုံယုံကြည်ကြည် သဘောထားပြီးလျှင်,
"စိတ်"ကို"တစ်နေရာရာ"၌ထား၍
(ရင်၀ မှာထားနိုင်လျှင်သာ၍ကောင်းသည်) ရှုရမည်။
တစ်ကိုယ်လုံး ၌ရှိသော "ဝေဒနာ"တွေကို
အလိုလိုသိလာလိမ့်မည်။
"ဝေဒနာ"တစ်ခုထဲကို ကြည့်လျှင်
"ပို၍မခံနိုင်အောင်"ဖြစ်လာတတ်သည်။
"ဝေဒနာ"သည်,
-"ခြေ"က နာသည်၊
-"ခေါင်း"က နာသည်-စသည်တို့ ဖြင့် -
"ပညတ်"တို့ဖြင့်တွဲ၍ ကြည့်နေလျှင်-သာ၍ဆိုးသည်။
"ပညတ်အာရုံ"ကို ဂရုမစိုက်နှင့်။
"တစ်ကိုယ်လုံး၌ရှိသော ဝေဒနာ"တို့ကိုသာ ခြုံ၍
"သိအောင်"ကြည့်ရမည်။
နာကျင်ခံခက်သော "ဒုက္ခဒဏ်ချက်"ကို ဂရုမစိုက်ပဲ-
"ဒုက္ခ"ထဲမှ "သေးငယ်မှုန်မွှားသော
ဝေဒနာသဘောလေး"တွေ,
-ဖြစ်ပေါ်လိုက်
-ပျောက်ပျက်လိုက်နှင့်နေသည့်
"ဝေဒနာ၏ အနိစ္စအချက်"တို့ကိုသာ ထင်ရှားအောင် ဂရုစိုက်၍ ရှုပါ။
ဤသို့ "ဝေဒနာဖြစ်/ပျက်"တွေကို
"အထပ်ထပ် အခါခါ ရှုမြင်ပွားများ"နေတာကို
"ဝေဒနာနုပဿနာ"ဟူ၍ခေါ်သည်။
"ရှုဖန်များ"လျှင်-
"ဝေဒနာ-တွေဖြစ်သင့်သလို ဖြစ်ပျက်နေတာ"-ကို
သေသေချာချာ သိလာလိမ့်မည်။
ကြာလျှင်"သမာဓိ"အား ကောင်းလာပြီး
"ကိုယ်ကာယကြီး"ကိုတောင်
-မသိတစ်ချက်
-သိတစ်ချက်နှင့်
"ဝေဒနာ"တို့ ကိုသာလျှင် သိလျှက်,
"စိတ်"သည်တည်၍နေလိမ့်မည်။
-"စိတ်"တည်၍ "သမာဓိ"ကောင်းလေ,
-"ဝေဒနာ"တွေကို သာပို၍ထင်ရှားစွာ သိမြင်ရလေ,
ဖြစ်လာလိမ့်မည်။
ထိုအခါ-
"ပညတ်အာရုံ"တည်းဟူသော-
"ကိုယ် လက် အင်္ဂါကြီးငယ်"တို့ကို
ရှိမှန်းတောင် မသိတော့ပဲ-
-"အနိမိတ္တ"၊
-"အပ္ပဏိဟိတ"၊
-"သုညတ သမာဓိ"နှင့်"ဝိဟာရ"မျိုးဖြစ်လျှက်-
"ပရမတ်အာရုံ"ဖြစ်သော "ဝေဒနာ"တို့ ကိုသာလျှင်
သိလျက် နေတော့သည်။
"ဝေဒနာနုပဿနာ,ဘာ၀နာမယဥာဏ် "- ဟုခေါ်သည်။
( "အနိမိတ္တ"= ပုံသဏ္ဍာန်နိမိတ်၊ နိစ္စနိမိတ် ကင်းစင်၊
"အပ္ပဏိဟိတ"=သာယာတောင့်တသော
တဏှာပဏီဓိ ကင်းစင်၊
"သုညတ"=ဘာမှမရှိ သုညချည်းသာ ဟု "အတ္တဒိဋ္ဌိ"
ကင်းစင်)
ဤကဲ့သို့"ဘာ၀နာမယဥာဏ်"ဖြင့် ရှုမြင်နေရင်း "သမာဓိ"အရှိန်ပြေလာလျှင် "ကိုယ်အင်္ဂါ"-စသည်တို့ကို တွေ့မြင်သိရှိ၍ လာပြန်၏။
သို့ပေမယ့်-
"ဝေဒနာ"ကိုမူ နှလုံးသွင်းမပျက်စေနှင့်။
"ဆေးဝါးဓာတ်စာ"တို့ကိုလည်း
စားသင့်သမျှစားပြီးလျှင် "ဝေဒနာ"ကိုသာ ဆက်၍ရှု ။
မကြာမီ-
-"ဘာ၀နာမယဥာဏ်",
-"အပ္ပဏိဟိတ သမာဓိ"-တို့သို့
ရောက်သွားပြန်သည်။
အကြောင်းပြည့်စုံလျှင်,
"မဂ်,ဖိုလ်"ကိုတောင် ရသွားတတ်သည်။
"မဂ်,ဖိုလ်"တစ်ကြိမ်ရပြီးသူ ဖြစ်လျှင်မူကား အချိန် ကို
ကြာချင်သလောက် အဓိဋ္ဌာန် ၍ "ဝေဒနာ"ကိုရှု။
ရှုရင်း, ရှုရင်း "ဖိုလ်စိတ်,ဖိုလ်ဇော"တွေကျလျှက်
"နိဗ္ဗာန်"ကို မျက်မှောက်ပြုမိလျက်သား
ဖြစ်သွားတတ်သည်။
၎င်းနောက်
ထိုက်သည့်အားလျော်စွာ ကြာပြန်သောအခါ
"သတိ"ပြန်၍ရလာတတ်သည်။
"သတိ"ရလျှင် "အဓိဋ္ဌာန်"ပြီး "ဝေဒနာ"ကို ထပ်၍ရှု ။
မကြာမီ"ဒုက္ခ"ငြိမ်းသွားတတ်သည်။
"ဝေဒနာ"ကိုရှုတတ်သော "လူမမာ"သည်
"ပြင်းထန်စွာခံစား"နေရသော်လည်း
"သာမည-လောက်သာ"ဟုထင်တတ်သည်။
"လူနာစောင့်များ"ကသာ
"ဝေဒနာပြင်း"မှန်းသိကြသည်။
"ဘူတရုပ်-ကိုအားထုတ်သော"လူနာ"-
ငြိမ်ငြိမ်ဆိမ်ဆိမ် နေလျှင်-
"တစ်စုံတစ်ရာ မေးမြန်းပြောဆိုခြင်းမပြုအပ်"ကြပေ။
"သေမည်"ဆိုလျှင်လည်း-
-လားရာ "သုဂတိ"(နတ်ပြည်၊ဘုံဗိမာန် )စသည် ကို
မြင်ရ၍
မျက်နှာ၌ ကြည်လင်ရွှင်ပြလျှက်ဖြစ်နေတတ်သည်။
အချို့မှာ-
သူမြင်သလို အချိန်ရက-
ပြောပြပြီးမှ သေတတ်သည်။
ကျေးဇူးတော်ရှင်
"လယ်တီ ဆရာတော်ဘုရားကြီး"
▬▬▬▬ ஜ ☸️ ஜ ▬▬▬▬
မျှဝေ ပူဇော်ပါသည်
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
.
www.facebook.com/pahtanpuzawkyathumyar
No comments:
Post a Comment